' အနှိုင်းမဲ့ဗုဒ္ဓ'
THE LORD OF BUDDHA
သတ္တ၀ါတိုင်းမှာ သေခြင်းသဘောရှိသည်။ သတ္တ၀ါတိုင်းသေရမှာကို ကြောက်ကြပါတယ်။
ဗုဒ္ဓရဲ့ ဓမ္မသဘာဝမှာ .....
၁။ သေခြင်းကင်းတဲ့ သဘာဝရှိသည်။
၂။ သေခြင်းကင်းတဲ့ သဘာဝကို ရအောင် လုပ်နိုင်တဲ့ နည်းလမ်းရှိသည်။
၃။ သေခြင်းကို မကြောက်မရွံ့ရင်ဆိုင်နိုင်တဲ့ နည်းလမ်းလည်းရှိသည်။
၎။ သေခြင်းကင်းတဲ့ သဘာဝကို မရရှိသေးသည့်တိုင် လက်ရှိ ( ပစ္စုပ္ပန်ဘ၀ ) က သေရင် အပါယ်သို့
မကျရောက်စေသော နည်းလမ်းရှိသည်။
ဗုဒ္ဓဆိုတာဘာလဲ ?
ဗုဒ္ဓဆိုတာ နာမည် မဟုတ်ပါဘူး။
ရိုးရိုးသာမန်သူတွေထက် ထူးတဲ့ လူသားတစ်ဦး ဆွတ်ခူး ရရှိလိုက်တဲ့ ဂုဏ်ထူး၊ ဘွဲ့ထူး ( Title ) တစ်ခုပါပဲ။
ဒီဘွဲ့ထူး ၊ ဂုဏ်ထူးဟာ အနန္တစကြ၀ဋ္ဌာ တစ်ခုလုံးမှာနှစ်ဦးပြိုင်ပြီး မရနိုင်တဲ့ ဘွဲ့ထူးပါ။ ယခုခေတ် လူသားတွေမှာ အဖွဲ့အစည်းတစ်ခုက လူသားတစ်ဦးကို ထိုလူသား၏ ထူးခြားစွာ ရွက်ဆောင်နိုင်တဲ့ အရည်အသွေးနဲ့ ကိုက်ညီတဲ့ ဘွဲ့ထူး ၊ ဂုဏ် ၊ အဆင့်အတန်းတစ်ခုကို သတ်မှတ်ပေးရတဲ့ သဘောမျိုး မဟုတ်ပါဘူး။
လေးသင်္ချေ နဲ့ ကမ္ဘာတစ်သိန်းသော ကာလကြာအောင် ကြိုးစားအားထုတ်လို့ ' ဗုဒ္ဒ ' ဆိုတဲ့ ဂုဏ်ထူးကို ရရှိသွားသူဟာ ခမည်းတော် သုဒ္ဓေါဓန နှင့် မယ်တော် သီရိမဟာမာယာဒေ၀ီ တို့က မွေးဖွားလာတဲ့ သားတော် ' သိဒ္ဓတ္ထ ' ပဲ ဖြစ်ပါတယ်။
' ဗုဒ္ဓ ' ဘွဲ့ထူးအဓိပ္ပါယ်က
' သိသူ ' လို့ဆိုပါတယ်။
ဘာတွေကို သိသလဲ ?
၁။ သတ္တ၀ါ အနန္တတွေရဲ့ အကြောင်းကို အကုန်သိတယ်။ တစ်နည်းအားဖြင့် ' သတ္တလောက ' ကို သိတယ်။
၂။ သတ္တ၀ါအနန္တတို့ မှီတင်းနေထိုင်တဲ့ ဤကမ္ထာပါဝင်တဲ့ နေစကြ၀ဋ္ဌာ ( Solar System ) အပြင် အနန္တစကြ၀ဋ္ဌာ ( Universe )
အကြောင်းကို သိတယ်။
၃။ သတ္တလောကနဲ့ သြကာသလောကတို့ရဲ့ အကြောင်းအကျိုး ဆက်သွယ်ပြီး ဖြစ်ပျက် ပြောင်းလဲနေတဲ့ သင်္ခါရလုပ်ငန်းသဘာဝတွေ
ကိုလည်း အကုန်သိတယ်။ တစ်နည်းအားဖြင့် ' သင်္ခါရလောက ' ကို သိတယ်။
ဗုဒ္ဓဟာ သတ္တလောက ( Kingdom of Living Being ) ၊ သြကာသလောက ( Infite Space )၊ သင်္ခါရလောက ( Function ) ဆိုတဲ့ လောကသုံးပါးရဲ့ သဘာဝဖြစ်စဉ်တွေကို ဘယ်သူထံမှာမှ နည်းမခံရဘဲ သူကိုယ်တိုင် ကိုယ်ပိုင်ဥာဏ်၊ ၀ီရိယတွေနဲ့ အကုန်အစင် မခြွင်းမချန် သိသွားပါတယ်။
' ဗုဒ္ဓ ' က ' ဓမ္မ ' တွေကို သိသွားပါတယ်။
' ဓမ္မ ' ဆိုတာ ' သဘာဝတရား ' တွေပါပဲ။
ဒီဓမ္မသဘာဝတရားတွေရဲ့ နိယာမ ( Law ) တွေကို တစ်နည်းအားဖြင့် ( Natural Law ) တွေကို သူ့သဘော သူ့သဘာဝအတိုင်း လုပ်
ငန်းဖြစ်စဉ်တွေ၊ ဖြစ်နေတာတွေကို ရှင်းရှင်းလင်းလင်း သိသွားပါတယ်။
ဓမ္မသဘာဝ ( Natural Law ie: Law of Natural ) ဟာ မည်သည့် ဖန်ဆင်းရှင် ( Creator ) မှ အမိန့်ပေး လို့ ဖြစ်လာတာမဟုတ်ပါဘူး
ဖန်ဆင်းရှင်ရဲ့ လက်အောက်ခံ သဘာဝမဟုတ်ပါဘူး။
ဒီဓမ္မသဘာဝတွေကို မည်သူတစ်ဦးတစ်ယောက်ကမှ သူ့ရဲ့ ပယောဂနဲ့ ပြုပြင်ပြောင်းလဲလို့ မရပါဘူး။
' ဗုဒ္ဓ ' က ရှိးရှိးလေးပဲပြောပါတယ်။
" ငါဟာ လောကသုံးပါးရဲ့ သဘာဝဖြစ်စဉ်တွေကို အကုန်အစင် သိပါပြီ။
ဒီစကားရပ်ရဲ့ အဓိပ္ပါယ်က ဓမ္မသဘာဝတွေကို ငါမဖန်ဆင်းဘူး ဆိုတဲ့ သဘောကို ဆောင်ပါတယ်။
ထပ်ဆင့်ပြီး စဉ်းစားရင်
ဒီဓမ္မသဘာဝတွေဟာ ငါ ဗုဒ္ဓ အဖြစ်သို့ မရောက်ခင်ကာလ အရှည်အကြာအတည်းက ရှိနေသလို ငါမရှိတဲ့နောက်လည်း ဒီသဘာဝတွေ
ရှိမြဲရှိနေပြီး သူ့လုပ်ငန်း သူလုပ်နေကြတာပဲလို့ ဆိုပါတယ်။
သူတစ်ပါး ပြောတဲ့ စကားပေါ်မှာ စိစစ် ဝေဖန်ပိုင်းခြားပြီး အကြောင်းအကျိုးဆက် စဉ်းစားတာကို ပါဋ္ဌိဘာသာနဲ့ " ၀ိဘဇ္ဇ၀ါဒ " ( Analysis ) လို့လည်း ခေါ်ပါတယ်။ ဒါကြောင့် " ဗုဒ္ဓ၀ါဒ " ကို " ၀ိဘဇ္ဇ၀ါဒ " လို့လည်း ခေါ်ပါတယ်။
" ဗုဒ္ဓ " က သူကိုယ်တိုင် ထုတ်ဖော်ပြသခဲ့တဲ့ ဓမ္မသဘာဝ ( တရားတော် ) တွေကို လိုက်နာရာမှာ မိမိရဲ့ ကိုယ်ပိုင်ဥာဏ်နဲ့ စိစစ်ဝေဖန်ပိုင်းခြားပြီး ကိုယ်တိုင် လက်တွေ့ ကျင့်သုံးပြီး၊ ကျင့်သုံးသူကို်ယ်တိုင် အကျိုးရှိတယ်ဆိုမှ လက်ခံဖို့ တိုက်တွန်းခဲ့ပါတယ်။
" ဗုဒ္ဓ " ကိုယ်တိုင်ပြောတဲ့ စကားတော်ဖြစ်လို့ ဆိုတဲ့ သဘောနဲ့ လက်မခံခိုင်းပါဘူး။
ယုံကြည်သင့်/ မသင့်
ဗုဒ္ဓဘာသာဝင်များအတွက် တိုင်းတာသော စံကို " ကာလာမသုတ်တော် " တွင် အထင်အရှား တွေ့မြင်နိုင်သည်။
ကာလာမသုတ်ဆိုသည်မှာ ကာလာမရွာသားများအား ဟောကြားသော တရားတော်ဖြစ်သည်။
ကာလာမသုတ်တော်တွင် ဘုရားရှင်က
၁။ ပြောသံကြားကာမျှဖြင့် အဟုတ် အမှန်ဟု အတည် မယူကြနှင့်။
( သူသူငါငါ ပြောသံကြားစကားမျိုး )
၂။ အစဉ်အဆက်ကြား စကားမျှဖြင့်လည်း အဟုတ်အမှန်ဟု အတည်မယူကြနှင့်။
( ဘိုးဘွားအစဉ်အဆက် စကားမျိုး )
၃။ ဤသို့ ဖြစ်ပျက်ခဲ့ဖူးသည် ဟူသော စကားဖြင့်လည်း အဟုတ်အမှန် ဟု အတည်မယူကြနှင့်။
( ရှေးက ဖြစ်ပျက်ဖူးသည် ဟူသော စကားမျိုး )
၎။ စာပေ၊ ကျမ်းဂန် နှင့် ညီညွတ်သည် ဟူ၍လည်း အဟုတ်အမှန် ဟု မယူကြနှင့်။
၅။ ကြံဆတွေးတောခြင်းမျှနှင့်လည်း အဟုတ်အမှန် အတည် ဟု မယူကြနှင့်။
( မိမိ ကြံစည်တွေးတောထားသော အရာမျိုး )
၆။ နည်းယူ မှီငြမ်းခြင်းမျှဖြင့်လည်း အဟုတ်အမှန် ဟု အတည်မယူကြနှင့်။
( သူတစ်ပါး၏ နည်းနာမှတ်ယူသော အရာမျိုး )
၇။ အခြင်းအရာကို ကြံစည်သောအားဖြင့်လည်း အဟုတ်အမှန် ဟု အတည်မယူကြနှင့်။
( အထောက်အထားကောင်း၍ သဘောကျသော အရာမျိုး )
၈။ မိမိကြံစည် နှစ်သက်သော အယူနှင့် ကိုက်ညီသည် ဟူ၍လည်း အတည်မယူကြနှင့်။
( မိမိ သဘောကျ နှစ်သက်သော အရာမျိုး )
၉။ မှတ်ယူထိုက်သော သဘောမျှဖြင့်လည်း ဟုတ်မှန်ပြီဟု အတည်မယူကြနှင့်။
( ယုံကြည်ထိုက်သောသူ၏ စကား ဟူသောအရာမျိုး )
၁၀။ မိမိလေးစားသော ရဟန်းဆရာ၏ စကားဖြစ်ရုံမျှဖြင့်လည်း အဟုတ်အမှန်ဟု အတည်မယူကြနှင့်။
ဟူ၍ ဟောတော်မူ၏ ။
" ဤတရားသည် ဆင်းရဲခြင်းဖြစ်၏ " ဟု ကိုယ်တိုင်သိသော အခါ ပယ်စွန့်ရာ၏ ။
" ဤတရားသည် ဆင်းရဲခြင်းကင်းရာဖြစ်၏ " ဟု ကိုယ်တိုင်သိသောအခါ ထိုတရားဖြင့် ပြည့်စုံရာ၏ ဟူ၍ ဟောတော်မူ၏ ။
ထို့ကြောင့် ဗုဒ္ဓဘာသာဝင် သူတော်စင်အပေါင်းတို့အား ယနေ့မှစ၍ ၀ိပဿနာတရားများကို ကျင့်ကြံပွားများ အားထုတ်ကြပါလို့
တိုက်တွန်းနှိုးဆော်အပ်ပါသည်။
မှတ်ချက်။ ။ ဤစာမူကို မဂ္ဂဇင်းတစ်အုပ်မှ ကူးယူထားခြင်းဖြစ်ကြောင်း ၀န်ခံအပ်ပါသည်။
Subscribe to:
Post Comments (Atom)
သိပ်ကောင်းတဲ့ အကြောင်းအရာဖြစ်တယ်။ တဆင့်တင်ပြပေးတာ ကျေးဇူးတင်ပါတယ်။ စာမူကို တိုက်ရိုက်ကူးယူ ဖေါ်ပြထားရင် မူလ စာရေးသူထုတ်ဝေသူတွေကိုလည်း လေးစာရာရောက်အောင်၊ စာမူလည်း ပိုခိုင်သွားအောင် စာရေးသူ၊ စာအုပ်နာမည်၊ ထုတ်ဝေသူ စသည်ဖြင့် အစုံထည့်ပေးသင့်တယ်လို့ အကြံပြုချင်ပါတယ်။ ကျေးဇူးတင်ပါတယ်။
ReplyDeleteဗုဒ္ဓရဲ့ အဆုံးအမတွေကို ကူးယူဖော်ပြတာ နောင်လာနောက်သား တွေအတွက် အမှန်ပဲ အကျိုးရှိစေပါတယ်။ ဗုဒ္ဓရဲ့ အဆုံးအမတွေ ဝေမျှလို့ မကုန်နိုင်ပါဘူး။ အပေါ်က အစ်မငယ်နိုင်ပြောသလိုပဲ လုပ်ဆောင်သင့်ပါတယ်။ ဗုဒ္ဓအကျိုးကို ဆထက်ထမ်းပိုး သယ်ပိုး ရွက်ဆောင်နိုင်ပါစေလို့ ဆန္ဒပြုပါတယ်။
ReplyDelete