' အနှိုင်းမဲ့ဗုဒ္ဓ'
THE LORD OF BUDDHA
သတ္တ၀ါတိုင်းမှာ သေခြင်းသဘောရှိသည်။ သတ္တ၀ါတိုင်းသေရမှာကို ကြောက်ကြပါတယ်။
ဗုဒ္ဓရဲ့ ဓမ္မသဘာဝမှာ .....
၁။ သေခြင်းကင်းတဲ့ သဘာဝရှိသည်။
၂။ သေခြင်းကင်းတဲ့ သဘာဝကို ရအောင် လုပ်နိုင်တဲ့ နည်းလမ်းရှိသည်။
၃။ သေခြင်းကို မကြောက်မရွံ့ရင်ဆိုင်နိုင်တဲ့ နည်းလမ်းလည်းရှိသည်။
၎။ သေခြင်းကင်းတဲ့ သဘာဝကို မရရှိသေးသည့်တိုင် လက်ရှိ ( ပစ္စုပ္ပန်ဘ၀ ) က သေရင် အပါယ်သို့
မကျရောက်စေသော နည်းလမ်းရှိသည်။
ဗုဒ္ဓဆိုတာဘာလဲ ?
ဗုဒ္ဓဆိုတာ နာမည် မဟုတ်ပါဘူး။
ရိုးရိုးသာမန်သူတွေထက် ထူးတဲ့ လူသားတစ်ဦး ဆွတ်ခူး ရရှိလိုက်တဲ့ ဂုဏ်ထူး၊ ဘွဲ့ထူး ( Title ) တစ်ခုပါပဲ။
ဒီဘွဲ့ထူး ၊ ဂုဏ်ထူးဟာ အနန္တစကြ၀ဋ္ဌာ တစ်ခုလုံးမှာနှစ်ဦးပြိုင်ပြီး မရနိုင်တဲ့ ဘွဲ့ထူးပါ။ ယခုခေတ် လူသားတွေမှာ အဖွဲ့အစည်းတစ်ခုက လူသားတစ်ဦးကို ထိုလူသား၏ ထူးခြားစွာ ရွက်ဆောင်နိုင်တဲ့ အရည်အသွေးနဲ့ ကိုက်ညီတဲ့ ဘွဲ့ထူး ၊ ဂုဏ် ၊ အဆင့်အတန်းတစ်ခုကို သတ်မှတ်ပေးရတဲ့ သဘောမျိုး မဟုတ်ပါဘူး။
လေးသင်္ချေ နဲ့ ကမ္ဘာတစ်သိန်းသော ကာလကြာအောင် ကြိုးစားအားထုတ်လို့ ' ဗုဒ္ဒ ' ဆိုတဲ့ ဂုဏ်ထူးကို ရရှိသွားသူဟာ ခမည်းတော် သုဒ္ဓေါဓန နှင့် မယ်တော် သီရိမဟာမာယာဒေ၀ီ တို့က မွေးဖွားလာတဲ့ သားတော် ' သိဒ္ဓတ္ထ ' ပဲ ဖြစ်ပါတယ်။
' ဗုဒ္ဓ ' ဘွဲ့ထူးအဓိပ္ပါယ်က
' သိသူ ' လို့ဆိုပါတယ်။
ဘာတွေကို သိသလဲ ?
၁။ သတ္တ၀ါ အနန္တတွေရဲ့ အကြောင်းကို အကုန်သိတယ်။ တစ်နည်းအားဖြင့် ' သတ္တလောက ' ကို သိတယ်။
၂။ သတ္တ၀ါအနန္တတို့ မှီတင်းနေထိုင်တဲ့ ဤကမ္ထာပါဝင်တဲ့ နေစကြ၀ဋ္ဌာ ( Solar System ) အပြင် အနန္တစကြ၀ဋ္ဌာ ( Universe )
အကြောင်းကို သိတယ်။
၃။ သတ္တလောကနဲ့ သြကာသလောကတို့ရဲ့ အကြောင်းအကျိုး ဆက်သွယ်ပြီး ဖြစ်ပျက် ပြောင်းလဲနေတဲ့ သင်္ခါရလုပ်ငန်းသဘာဝတွေ
ကိုလည်း အကုန်သိတယ်။ တစ်နည်းအားဖြင့် ' သင်္ခါရလောက ' ကို သိတယ်။
ဗုဒ္ဓဟာ သတ္တလောက ( Kingdom of Living Being ) ၊ သြကာသလောက ( Infite Space )၊ သင်္ခါရလောက ( Function ) ဆိုတဲ့ လောကသုံးပါးရဲ့ သဘာဝဖြစ်စဉ်တွေကို ဘယ်သူထံမှာမှ နည်းမခံရဘဲ သူကိုယ်တိုင် ကိုယ်ပိုင်ဥာဏ်၊ ၀ီရိယတွေနဲ့ အကုန်အစင် မခြွင်းမချန် သိသွားပါတယ်။
' ဗုဒ္ဓ ' က ' ဓမ္မ ' တွေကို သိသွားပါတယ်။
' ဓမ္မ ' ဆိုတာ ' သဘာဝတရား ' တွေပါပဲ။
ဒီဓမ္မသဘာဝတရားတွေရဲ့ နိယာမ ( Law ) တွေကို တစ်နည်းအားဖြင့် ( Natural Law ) တွေကို သူ့သဘော သူ့သဘာဝအတိုင်း လုပ်
ငန်းဖြစ်စဉ်တွေ၊ ဖြစ်နေတာတွေကို ရှင်းရှင်းလင်းလင်း သိသွားပါတယ်။
ဓမ္မသဘာဝ ( Natural Law ie: Law of Natural ) ဟာ မည်သည့် ဖန်ဆင်းရှင် ( Creator ) မှ အမိန့်ပေး လို့ ဖြစ်လာတာမဟုတ်ပါဘူး
ဖန်ဆင်းရှင်ရဲ့ လက်အောက်ခံ သဘာဝမဟုတ်ပါဘူး။
ဒီဓမ္မသဘာဝတွေကို မည်သူတစ်ဦးတစ်ယောက်ကမှ သူ့ရဲ့ ပယောဂနဲ့ ပြုပြင်ပြောင်းလဲလို့ မရပါဘူး။
' ဗုဒ္ဓ ' က ရှိးရှိးလေးပဲပြောပါတယ်။
" ငါဟာ လောကသုံးပါးရဲ့ သဘာဝဖြစ်စဉ်တွေကို အကုန်အစင် သိပါပြီ။
ဒီစကားရပ်ရဲ့ အဓိပ္ပါယ်က ဓမ္မသဘာဝတွေကို ငါမဖန်ဆင်းဘူး ဆိုတဲ့ သဘောကို ဆောင်ပါတယ်။
ထပ်ဆင့်ပြီး စဉ်းစားရင်
ဒီဓမ္မသဘာဝတွေဟာ ငါ ဗုဒ္ဓ အဖြစ်သို့ မရောက်ခင်ကာလ အရှည်အကြာအတည်းက ရှိနေသလို ငါမရှိတဲ့နောက်လည်း ဒီသဘာဝတွေ
ရှိမြဲရှိနေပြီး သူ့လုပ်ငန်း သူလုပ်နေကြတာပဲလို့ ဆိုပါတယ်။
သူတစ်ပါး ပြောတဲ့ စကားပေါ်မှာ စိစစ် ဝေဖန်ပိုင်းခြားပြီး အကြောင်းအကျိုးဆက် စဉ်းစားတာကို ပါဋ္ဌိဘာသာနဲ့ " ၀ိဘဇ္ဇ၀ါဒ " ( Analysis ) လို့လည်း ခေါ်ပါတယ်။ ဒါကြောင့် " ဗုဒ္ဓ၀ါဒ " ကို " ၀ိဘဇ္ဇ၀ါဒ " လို့လည်း ခေါ်ပါတယ်။
" ဗုဒ္ဓ " က သူကိုယ်တိုင် ထုတ်ဖော်ပြသခဲ့တဲ့ ဓမ္မသဘာဝ ( တရားတော် ) တွေကို လိုက်နာရာမှာ မိမိရဲ့ ကိုယ်ပိုင်ဥာဏ်နဲ့ စိစစ်ဝေဖန်ပိုင်းခြားပြီး ကိုယ်တိုင် လက်တွေ့ ကျင့်သုံးပြီး၊ ကျင့်သုံးသူကို်ယ်တိုင် အကျိုးရှိတယ်ဆိုမှ လက်ခံဖို့ တိုက်တွန်းခဲ့ပါတယ်။
" ဗုဒ္ဓ " ကိုယ်တိုင်ပြောတဲ့ စကားတော်ဖြစ်လို့ ဆိုတဲ့ သဘောနဲ့ လက်မခံခိုင်းပါဘူး။
ယုံကြည်သင့်/ မသင့်
ဗုဒ္ဓဘာသာဝင်များအတွက် တိုင်းတာသော စံကို " ကာလာမသုတ်တော် " တွင် အထင်အရှား တွေ့မြင်နိုင်သည်။
ကာလာမသုတ်ဆိုသည်မှာ ကာလာမရွာသားများအား ဟောကြားသော တရားတော်ဖြစ်သည်။
ကာလာမသုတ်တော်တွင် ဘုရားရှင်က
၁။ ပြောသံကြားကာမျှဖြင့် အဟုတ် အမှန်ဟု အတည် မယူကြနှင့်။
( သူသူငါငါ ပြောသံကြားစကားမျိုး )
၂။ အစဉ်အဆက်ကြား စကားမျှဖြင့်လည်း အဟုတ်အမှန်ဟု အတည်မယူကြနှင့်။
( ဘိုးဘွားအစဉ်အဆက် စကားမျိုး )
၃။ ဤသို့ ဖြစ်ပျက်ခဲ့ဖူးသည် ဟူသော စကားဖြင့်လည်း အဟုတ်အမှန် ဟု အတည်မယူကြနှင့်။
( ရှေးက ဖြစ်ပျက်ဖူးသည် ဟူသော စကားမျိုး )
၎။ စာပေ၊ ကျမ်းဂန် နှင့် ညီညွတ်သည် ဟူ၍လည်း အဟုတ်အမှန် ဟု မယူကြနှင့်။
၅။ ကြံဆတွေးတောခြင်းမျှနှင့်လည်း အဟုတ်အမှန် အတည် ဟု မယူကြနှင့်။
( မိမိ ကြံစည်တွေးတောထားသော အရာမျိုး )
၆။ နည်းယူ မှီငြမ်းခြင်းမျှဖြင့်လည်း အဟုတ်အမှန် ဟု အတည်မယူကြနှင့်။
( သူတစ်ပါး၏ နည်းနာမှတ်ယူသော အရာမျိုး )
၇။ အခြင်းအရာကို ကြံစည်သောအားဖြင့်လည်း အဟုတ်အမှန် ဟု အတည်မယူကြနှင့်။
( အထောက်အထားကောင်း၍ သဘောကျသော အရာမျိုး )
၈။ မိမိကြံစည် နှစ်သက်သော အယူနှင့် ကိုက်ညီသည် ဟူ၍လည်း အတည်မယူကြနှင့်။
( မိမိ သဘောကျ နှစ်သက်သော အရာမျိုး )
၉။ မှတ်ယူထိုက်သော သဘောမျှဖြင့်လည်း ဟုတ်မှန်ပြီဟု အတည်မယူကြနှင့်။
( ယုံကြည်ထိုက်သောသူ၏ စကား ဟူသောအရာမျိုး )
၁၀။ မိမိလေးစားသော ရဟန်းဆရာ၏ စကားဖြစ်ရုံမျှဖြင့်လည်း အဟုတ်အမှန်ဟု အတည်မယူကြနှင့်။
ဟူ၍ ဟောတော်မူ၏ ။
" ဤတရားသည် ဆင်းရဲခြင်းဖြစ်၏ " ဟု ကိုယ်တိုင်သိသော အခါ ပယ်စွန့်ရာ၏ ။
" ဤတရားသည် ဆင်းရဲခြင်းကင်းရာဖြစ်၏ " ဟု ကိုယ်တိုင်သိသောအခါ ထိုတရားဖြင့် ပြည့်စုံရာ၏ ဟူ၍ ဟောတော်မူ၏ ။
ထို့ကြောင့် ဗုဒ္ဓဘာသာဝင် သူတော်စင်အပေါင်းတို့အား ယနေ့မှစ၍ ၀ိပဿနာတရားများကို ကျင့်ကြံပွားများ အားထုတ်ကြပါလို့
တိုက်တွန်းနှိုးဆော်အပ်ပါသည်။
မှတ်ချက်။ ။ ဤစာမူကို မဂ္ဂဇင်းတစ်အုပ်မှ ကူးယူထားခြင်းဖြစ်ကြောင်း ၀န်ခံအပ်ပါသည်။
Monday, February 9, 2009
Sunday, February 8, 2009
အထက်တန်းစား ဗုဒ္ဓဘာသာဝင်များနှင့် အောက်တန်းစား ဗုဒ္ဓဘာသာဝင်များတို့၏ ခြားနားချက်
"အထက်တန်းစား ဗုဒ္ဓဘာသာဝင်များနှင့် အောက်တန်းစား ဗုဒ္ဓဘာသာဝင်များတို့၏ ခြားနားချက် "
မှတ်ချက်။ ။ ဤ စာကို ဆရာ ၀င်းသိန်းဦး ၏ ရှေးဘ၀ နောက်ဘ၀ ဗုဒ္ဓ မဝေဖန် နှင့် ဓမ္မစာစုများမှ ဝေငှပါသည်။ ဆရာ၏
ခွင့်ပြုချက်ကို မယူဘဲ တင်ခြင်းအတွက် အနူးအညွတ်တောင်းပန်အပ်ပါသည်။ လူငယ်များအတွက် ဗုဒ္ဓဘာသာ အခြေခံ
များကို သိစေရန် ရည်ရွယ်ပါသည်။
ဗုဒ္ဓ၏ လမ်းညွှန်အဆုံးအမ နှင့်အညီ လိုက်နာကျင့်သုံးနေသော ဗုဒ္ဓဘာသာဝင်များနှင့် အမည်ခံ ဗုဒ္ဓဘာသာဝင်တို့ကြား အနှစ်သာရချင်း ကွာခြားမှုကို သိမြင်သော ဗုဒ္ဓမြတ်စွာက သူ၏ ဥပါသကာ (၀ါ) ဗုဒ္ဓဘာသာဝင်များကို ဒွန်းစဏ္ဍားနှင့်တူသော ဥပါသကာ ( အောက်တန်းစား ဗုဒ္ဓဘာသာဝင် ) နှင့် ပဒုမ္မာကြာနှင့်တူသော ဥပါတကာ (အထက်တန်းစား ဗုဒ္ဓဘာသာဝင် ) များဟူ၍ ပိုင်းခြား သတ်မှတ်ခဲ့သည်။
ဗုဒ္ဓမြတ်စွာက အောက်ပါအင်္ဂါရပ်များနှင့် ပြည့်စုံသူတို့ကို ဒွန်းစဏ္ဍားနှင့်တူသော ဥပါသကာများအဖြစ် အဓိပ္ပာယ်ဖွင့်ဆိုခဲ့သည်။
(၁) ရတနာမြတ်သုံးပါးကို အလွန်ကြည်ညိုမှု မရှိခြင်း၊
(၂) သီလ မလုံခြုံခြင်း၊
(၃) အကြား၊အမြင် စသော လောကီမင်္ဂလာကို ပြုလုပ်လေ့ရှိခြင်း၊
(၄) အကြား၊အမြင် စသော လောကီမင်္ဂလာကို ယုံ၍ ကံကိုမယုံခြင်း၊
(၅) သာသနာပ၌ အလှူခံရှာ၍ အလှူပေးခြင်း တို့ပင်ဖြစ်သည်။
ခြုံငုံ သုံးသပ်ပြရလျှင် ဒွန်းစဏ္ဍားနှင့်တူသော ဥပါသကာ ( အောက်တန်းစား ဗုဒ္ဓဘာသာဝင် ) များသည် ရတနာမြတ်သုံးပါးအပေါ် အသိဥာဏ်ပညာနှင့်ယှဉ်သော ကြည်ညို သဒ္ဓါစိတ် ခေါင်းပါးရကား ဗုဒ္ဓ၏ လမ်းညွှန် အဆုံးအမများအပေါ် ယုံယုံကြည်ကြည် လိုက်နာလေ့မရှိပေ။ ထို့ကြောင့် ကိုယ်ကျင့်သီလဆိုင်ရာ ဗုဒ္ဓ၏လမ်းညွှန် ပညတ်ချက်များကို မသိကျိုးကျွံပြု၍ အခွင့်သာတိုင်း ချိုးဖောက်လေ့ရှိသည်။ မိမိကိုယ်ကိုသာ အားထားရာဆိုသော ဗုဒ္ဓ၏ ဒေသနာကို ကျောခိုင်းပြီး ဖြတ်လမ်းမှ ကြီးပွားမည့်နည်းကို ရှာလေ့ရှိသည်။ ကြားရသော အသံ၊ မြင်ရသော အဆင်း သဏ္ဌာန်တို့ကို စွဲ၍ အတိတ်နိမိတ်ကောက်ယူလေ့ရှိသော မင်္ဂလာ အယူအဆများကို ယုံကြည်စွဲလမ်းသည်။ ဗေဒင်၊ ယတြာ၊ ဓာတ်ရိုက်၊ဓာတ်ဆင်၊ အင်္ဂ၀ိဇ္ဇာ၊ အတိတ်တဘောင် စသည်များကို အားကိုးသည်။
မိမိစေတနာမှ ပေါက်ဖွားလာသော ကံ၏ အကျိုးပေးမှုကို မယုံကြည်ချေ။ မကောင်းသော စေတနာကို မွေးပြီး ကောင်းသောရလဒ်ကိုသာ လိုချင်ကြသည်။ ဤတွင် စစ်မှန်သော ဗုဒ္ဓသာသနာတော်မှ သွေဖည်ယိမ်းယိုင်နေသည့် ကယ်တင်စောင်မနိုင်သည် ဆိုသူများကို အားကိုးတကြီး တွယ်ကပ်ပူဇော်ကြသည်။ သူရဿတီ၊ လက်ချမီး၊ စန္ဒီ၊ ကွမ်ယင် စသည့် သာသနာပ မယ်တော်များ၊ မဟိန္ဒရာ သူတော်စင်၊ ဆိုင်းဘာဘာ စသော ဖကီးကြီးများ၊ ဆာဒူးကြီးများ၊ ယက္ကန်းစင်တောင်၊ ရှင်မထီး၊ အန်းကုန်း၊ ဘိုးဘိုးအောင်၊ ဘိုးမင်းခေါင် စသော ၀ိဇ္ဇာဓိုရ်များ၊ စစ်မှန်သော ဗုဒ္ဓဘာသာအလိုအရ နတ်စားရင်းမ၀င်သော သုံးဆယ့်ခုနှစ်မင်းနတ်များ၊ ဗေဒင်ဟူးရား အခါပေး ပညာရှင်ဆိုသူများအား ဆည်းကပ်လေ့ ရှိကြသည်။ ဗုဒ္ဓကိုယ်တော်တိုင်ဟောကြားခဲ့သည့် သုံးဆယ့်ရှစ်ဖြာသော မင်္ဂလာတရားတော်နှင့်အညီ လိုက်နာ နေထိုင်ကျင့်ကြံရန်ကား စိတ်ကူးထဲပင် မထည့်ကြပေ။
ဗုဒ္ဓမြတ်စွာသည် အောက်ပါအင်္ဂါရပ်များနှင့် ပြည့်စုံသူများကိုမူ ' ပဒုမ္မာကြာ ' နှင့်တူသည့် ဥပါတကာများအဖြစ် သတ်မှတ်တော်မူသည်။
(၁) ရတနာသုံးပါးကို မမှိတ်မသုန် ကြည်ညိုခြင်း၊
( ဘုရား၊တရား၊သံဃာ )
(၂) သီလလုံခြုံခြင်း၊
(၃) လောကီမင်္ဂလာကို မပြုလုပ်ခြင်း၊
(၄) အကြား၊အမြင် စသော လောကီမင်္ဂလာကို မယုံဘဲ ကံကိုသာ ယုံခြင်း၊
(၅) သာသနာတွင်း၌သာ အလှူခံ ပုဂ္ဂိုလ်ရှာ၍ အလှူပေးခြင်းတို့ပင် ဖြစ်သည်။
ပဒုမ္မာကြာနှင့်တူသော ဥပါသကာများသည် ရတနာမြတ်သုံးပါးအပေါ် အသိဥာဏ်ပညာနှင့် ယှဉ်လျှက် မမှိတ်မသုန် ကြည်ညိုသောကြောင့် ဗုဒ္ဓ၏ အဆုံးအမ စကားတော်နှင့်အညီ လိုက်နာကျင့်သုံးနေထိုင်လေ့ရှိကြသည်။
ထို့ကြောင့် ကိုယ်ကျင့်သီလ မြဲမြံသည်။ မိမိဘ၀ ကြီးပွားတိုးတက်ရေးအတွက် မိမိကိုယ်ပိုင် ကံ၊ ဥာဏ်၊ ၀ီရိယမှ တစ်ပါး အခြားအားကိုးရာ မရှာတော့ချေ။ မှန်စွာကြံ၊ မှန်စွာပြောပြီး မှန်စွာလုပ်ကိုင်ဆောင်ရွက်နေသူများဖြစ်ရကာ မည်သူ့ကိုမျှလည်း ထိတ်လန့် စိုးရွံ့နေမည် မဟုတ်တော့ချေ။ ဖြတ်လမ်းလည်းမရှာ၊ ရှာစရာလည်းမလိုပေ။ ဤသို့သော ပုဂ္ဂိုလ်မျိုးအဖို့ ပြဿဒါး၊ ရက်ရာဇာ၊ နဂါးဦးခေါင်းလှည့် စသည့် ကိစ္စများကို ထည့်စဉ်းစားနေစရာ မလိုတော့ပေ။ အတိတ်နိမိတ်များ၊ တဘောင်များ၊ ဗေဒင်၊ ယတြာများ၊ အခါပေးပညာရှင်များ၊ နတ်များ၊ ၀ိဇ္ဇာဓိုရ်များကိုလည်း အားကိုးခြင်း မရှိချေ။ သူ့အတွက် နေ့တိုင်း ရက်ရာဇာပင် ဖြစ်တော့သည်။ ဗုဒ္ဓ ဟောကြားတော်မူခဲ့သော သုံးဆယ့်ရှစ်ဖြာ မင်္ဂလာတရားနှင့်အညီ လိုက်နာကျင့်ကြံရင်း ဘ၀တက်လမ်းကို တစ်ဆင့်ချင်းမှန်မှန် လှမ်းနေသူပင်ဖြစ်သည်။ ဘုရား၊တရား၊သံဃာ တည်းဟူသော ရတနာမြတ်သုံးပါးကိုသာ ကိုးကွယ်ဆည်းကပ်နေသူဖြစ်၍ အခြားမည်သည့် အယူဝါဒ မတူသူက မည်သို့သော မြှောက်လုံး၊ခြောက်လုံးတို့နှင့် ဆွဲဆောင်စေကာမူ မမြောက်၊ မကြောက်တော့ဘဲ စစ်မှန်သော ဗုဒ္ဓဘာသာဝင်တစ်ဦးအဖြစ် ရာသက်ပန် မတုန်မလှုပ် နေထိုင်ကျင့်ကြံသွားသူများပင် ဖြစ်တော့သည်။
ဤမျှဆိုလျှင် ဗုဒ္ဓဘာသာဝင်ဟူ၍ သမုဒိသစ္စာ သဘောအရ အမည်သညာ ပညတ်နိုင်သော်ငြားလည်း အထက်တန်းစား ဗုဒ္ဓဘာသာဝင်နှင့် အောက်တန်းစား ဗုဒ္ဓဘာသာဝင် ဟူ၍ ဗုဒ္ဓ ကိုယ်တော်တိုင်က ခွဲခြားသတ်မှတ်ထားခဲ့ကြောင်း စာရှုသူတို့ သဘောပေါက်လောက်ပေပြီ။
သို့ဖြစ်ရာ ' ပဒုမ္မာကြာ ' နှင့်တူသော ဥပါတကာဆိုသည့် အထက်တန်းစား ဗုဒ္ဓဘာသာဝင်များရော၊ ဒွန်းစဏ္ဍားနှင့်တူသော ဥပါသကာ ဆိုသည့် အောက်တန်းစား ဗုဒ္ဓဘာသာဝင်များပါ ရောနှောပါဝင်နေသူအားလုံး၏ အကျင့်စရိုက်၊ လက္ခဏာတို့ကို ခြုံငုံအကဲခတ်ပြီး ဗုဒ္ဓဘာသာအပေါ် တန်ဖိုးဖြတ်၍ မရစကောင်းပေ၊
ဗုဒ္ဓဘာသာအဆုံးအမနှင့်အညီ လိုက်နာကျင့်ကြံအားထုတ်သူတိုင်းသည် ဗုဒ္ဓဘာသာဝင် ဖြစ်ပေသည်။ သို့သော်ဗုဒ္ဓဘာသာ
ဝင် အဖြစ် " သမုဒိသဘောအရ ပညတ်ခေါ်ဝေါ်ခြင်း " ကို ခံယူထားသူတိုင်းသည် ဗုဒ္ဓဘာသာ အဆုံးအမနှင့်အညီ လိုက်နာကျင့်ကြံအားထုတ် နေသူများ မဟုတ်ကြချေ။ ထို့ကြောင့် အောက်တန်းစား ဗုဒ္ဓဘာသာဝင်များ၏ ကြံစည်၊ ပြောဆို၊ပြုမူ၊ လုပ်ဆောင်မှု တို့်ကြောင့် ဖြစ်ထွန်းလာသည့် ရလာဒ်အချို့ကို ကြည့်ပြီး ဗုဒ္ဓဘာသာအပေါ် အပြစ်ပုံချကြမည် ဆိုပါက ခွင့်လွှတ်နိုင်ဖွယ် မရှိသော အမှားတစ်ရပ်ကို ကျူးလွန်လိုက်ရာ ရောက်ပေလိမ့်မည်။
တစ်ဆက်တည်း တိုက်တွန်းလိုသည်ကား ယခုအခါ ဗုဒ္ဓဘာသာဝင်များဟု အမည်ခံထားသူများအနေနှင့် ကိုယ်ကို မိမိတို့ အထက်တန်းစား ဗုဒ္ဓဘာသာဝင်များလော၊ အောက်တန်းစား ဗုဒ္ဓဘာသာဝင်များလောဆိုသည်ကို ပြန်လည်ဆန်းစစ်ကြည့်ကြရန်ပင် ဖြစ်သည်။
မြန်မာတိုင်းရင်းသား ဗုဒ္ဓဘာသာဝင် လူငယ်များ အနေနှင့်လည်း မိမိတို့ကိုယ်ကို အထက်တန်းစား ဗုဒ္ဓဘာသာဝင်များဖြစ်လာအောင် ဦးတည်ကြိုးပမ်းသွားဖို့ အထူးလိုအပ်လှပေသည်။ အောက်တန်းစား ဗုဒ္ဓဘာသာဝင်များ ယုတ်လျော့သွားပြီး အထက်တန်းစား ဗုဒ္ဓဘာသာဝင်များ တိုးပွားလာသည်နှင့် အမျှ ဗုဒ္ဓဘာသာသည် မြန်မာ့လူ့ဘောင်၏ တိုးတက်ရာလမ်းကြောင်းပေါ်တွင် အဟန့်အတား မဟုတ်သည့်အပြင် ရှေ့ဆောင်လမ်းပြ မီးရှူး ဟန်ဆောင်တစ်ခုပင်ဖြစ်ကြောင်း နားလည်သဘောပေါက်လာကြမည်မှား မြေကြီးလက်ခတ်မလွဲပင် ဖြစ်ပေတော့သည်။
Subscribe to:
Posts (Atom)
